14 October, 2011

EQUILIBRIUM (2002)

107 min  -  Action | Drama | Sci-Fi



2002 မှာထွက်ခဲ့တဲ့ ရုပ်ရှင်ကားပါ.. အရမ်းတိုးတက်ခေတ်မှီတဲ့ အချိန်ကာလကြီးတစ်ခုမှာပေါ့နော်.... တတိယကမ္ဘာစစ်ပြီးတဲ့နောက်မှာ လူ့အဖွဲ့အစည်း တစ်ခုရှိပါသတဲ့.. Libria ဆိုတဲ့ အစိုးရက အုပ်ချုပ်ပါတယ် အစွန်းရောက်စိတ်နဲ့ စစ်ကိုမလိုလားတဲ့သူတွေပေါ့နော်... သူတို့က ဒီလိုတွက်ဆထားကြတယ်.. စစ်ဆိုတာ ခံစားမှုတွေ တပ်မက်မှုတွေကြောင့် ဖြစ်လာရတယ်တဲ့..  အဲ့ဒါကို တိုက်ဖျက် ဖို့အတွက်... Prozium ဆိုတဲ့ဆေးကို လူတိုင်းမှန်မှန်ထိုးရပါတယ်... အဲ့ဒီဆေးက လူတွေရဲ့ခံစားမှုကို ပျောက်ဆုံးစေတဲ့ အာနိသင် ရှိပါတယ်။ Libria Law အရ Prozium ကို မှန်မှန် မသုံးတဲ့လူတွေ.. စိတ်ခံစားမှု လွန်ကဲသူတွေကို ဖမ်းဆီးပြီး မီးရှို့ ပြီးသေဒဏ် ပေးပါတယ်...။
                    John Preston (Christian Bale) က အဲ့ဒီ Libria ကအတော်ဆုံး အေးဂျင့် တစ်ယောက်ပါ.. သူ့တာဝန်ကတော့ Prozium ဆေးကို မှန်မှန်မသုံးသူတွေ... စိတ်ခံစားမှုဖြစ်ပေါ်နေတဲ့သူတွေ... (သူတို့အခေါ်အရတော့ စိတ်ခံစားမှုလွန်ကဲသူတွေပေါ့) ကို... လိုက်လံဖမ်းဆီးပြီး... သူတို့တွေစုဆောင်းထားတဲ့ ပစ္စည်းတွေကိုဖျက်ဆီးပစ်ရပါတယ်...။ ဖျက်ဆီးပစ်ရတာကတော့ ယဉ်ကျေးမှု အမွေအနှစ်တွေပေါ့... ဥပမာ ။    ။ မိုနာလီဇာ ပန်းချီကားတို့.. ဗီသိုဗင်ရဲ့ ဓါတ်ပြားအချပ်တွေလိုပေါ့...။ 
                     တစ်နေ့မှာ John Preston က သူသုံးရမဲ့ Prozium ဆေးကျကွဲသွားသွားလို့.. မသုံးမိလိုက်ပါဘူး... အဲ့ဒီမှာပဲ.. သူ့စိတ်က ခံစားမှု အာရုံ တွေစတင်ဝင်လာပြီး.... တဖြည်းဖြည်းနဲ့ ပုံမှန်လူတစ်ယောက်လိုဖြစ်သွားပါတယ်။ အဲ့ဒီဖြစ်ရပ်မတိုင်ခင်က သူနဲ့အတူလက်တွဲပြီးအလုပ်လုပ်တဲ့ အေးဂျင့်တစ်ယောက်ဖြစ်တဲ့ Partridge (Sean Bean) ကိုသူကိုယ်တိုင် ပစ်သတ်လိုက်ပါတယ်.. ဘာဖြစ်လို့လဲဆိုတော့ Partridge က Prozium သုံးတာရပ်ထားပြီး ခံစားမှုဖြစ်ပေါ်နေတဲ့ လူတစ်ယောက်ဖြစ်နေလို့ပါပဲ....။
                      Partridge ရဲ့ နေရာကို အစားဝင်လာတာကတော့ Brandt (Taye Diggs) ပါပဲ...၊။  အဲ့ဒီလိုနဲ့ပဲ ပုံမှန်လူတစ်ယောက်လို ဖြစ်လာတဲ့ John Preston ဟာ သူ့အလုပ်ကို တစ်ဖြည်းဖြည်း မုန်းတီးလာပါတယ် သူအလုပ်လုပ်နေရတဲ့ Libria အစိုးရ အဖွဲ့အစည်းရဲ့ လုပ်ရပ်တွေဟာလဲ ပုံမှန်မဟုတ်ဘူးလို့ ယူဆလာခဲ့ပါတယ်...
                        တစ်ဖက်ကလဲ.. ပုံမှန်ဖြစ်နေတဲ့ လူတွေစုထားတဲ့ မြေအောက်တော်လှန်ရေး အဖွဲ့ ကနေ Libria အစိုးရကို.. ပြန်ပြီးတော်လှန် ဖို့အစီအစဉ်တွေဆွဲနေကြတဲ့အချိန်မှာပဲ... John Preston က အဲ့ဒီမြေအောက်တော်လှန်ရေး အဖွဲကို တွေ့သွားပြီး သူတို့နဲ့ ပူးပေါင်းလိုက်ပါတယ်... အဖွဲခေါင်းဆောင် ကတော့ Jurgen (William Fichtner) ပါ... ။ John Preston ရဲ့ ပထမ ပါတနာ ရဲ့ချစ်သူကို စိတ်ခံစားမှုလွန်ကဲသူအဖြစ်နဲ့ ဖမ်းဆီးထားရင်းကနေ ချစ်မိသွားခဲ့ပါတယ်.. ဒီလိုနဲ့ အဲ့ဒီကောင်မလေးကို သေဒဏ်ပေး တဲ့နေ့မှာပဲ... သူချစ်နေတဲ့သူအတွက် အပြစ်ဒဏ် ကိုမတားဆီးလိုက် နိုင်ပဲ... သေသွားတဲ့ သူချစ်သူကိုကြည့်ပြီး.. ယူကြုံးမရ.. ငိုမိရင်းကနေပဲ.. Libria တွေရဲ့ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်..။ 
                         နောက်ဆုံးတော့ လှည့်ကွက်တွေကြားထဲက John Preston လွတ်ပြီး .. Libria တွေကို ပြန်ပြီးတော်လှန်နိုင်မလားဆိုတာကတော့ 2002 ခုနှစ်ထွက် ဒီရုပ်ရှင် ကားကို..  ပြန်လည်ရှာဖွေကြည့်ရှု လိုက်ကြပါဦး... 
 
 
  စိတ်ကူးယဉ်ဇတ်လမ်း ဆိုပေမယ့် တင်ပြထားတဲ့ ပုံစံတွေလည်းကောင်းပါတယ်.. တိုက်ခန်းခိုက်ခန်းတွေကြားက Drama ပုံစံချိုးထားတာလေး တွေလည်းတော်တော်မိုက်တယ်ဗျ... သရုပ်ဆောင်တွေသုံးထားတာလည်း လိုက်ပါတယ်.. သေနတ်ပစ်ခန်းတွေကတော့ နည်းနည်း over ဖြစ်မလားပဲ.. အခုပုံစံနဲ့မဟုတ်ပဲ.. 2002 တုန်းကပုံစံနဲ့ကြည့်ရင်တော့ မဆိုးလှပါဘူး... 2010 ကားတွေကြည့်ရင်းကနေ.. Will Smith ရဲ့  I Robot ကို အခု ပြန်ကြည့်ရသလိုပေါ့......


Repo Men (2010)

111 min  -  Action | Crime | Drama


ဒီရက်တွေထဲ ကြည့်ဖြစ်တဲ့ ကားတွေအကြောင်းပြောရဦးမယ်... အခု ဒီ  Repo Men နဲ့ စလိုက်ပြီဗျာ....
Equilibrium ပြန်ကြည့် အပြီး ဒီကား ကြည့်မိလိုက်ပါတယ်...     ကောင်းလွန်းလို့ ညွှန်းတယ်လို့တော့မထင်နဲ့နော်...  :1  သိပ်တော့ မကောင်းဘူး ကြည့်ပျော်ရှုပျော်ပေါ့....

         သမာရိုးကျ ဇတ်လမ်း တွေရှားသွားတဲ့ ဒီခေတ်ထဲမှာ သိပ္ပံဆန်ဆန်.. အတိုးတက်လွန်တဲ့ ပုံစတွေ (ခေတ်ရှေ့ပြေးတယ်ခေါ်မှာပေါ့နော်) အဲ့ဒီလိုမျိုး ကားတွေ အရိုက်များလာကြပါတယ်.. ဒီကားလဲ ဒီလိုပါပဲ..
         ဒီကားထဲမှာ သူတို့ပြောတာကတော့....  ဟိုးအရင်ခေတ်တွေကလိုမျိုး ခန္တာကိုယ်အစိတ်အပိုင်း အစားထိုးကုမယ်ဆို.. ကုတင်ပေါ်မှာထိုင် ပေဂျာလေး ကိုင်ပြီး အလှူရှင်ကို စောင့်နေစရာမလိုတော့ဘူး.. တဲ့... The Union ဆိုတဲ့ Corporation ကြီးက သူတို့ရဲ့  စက်ပစ္စည်း အစိတ်အပိုင်းတွေနဲ့ အစားထိုး လဲလှယ်လို့ရပါပြီတဲ့... ဈေးတော့ လွန်စွာမှ ကြီးပြီး ဒေါ်လာသန်းနဲ့ချီးပြီး ရှင်းပေးရပါတယ်.. အများစုက  အကြွေး သဘောမျိုးနဲ့ အရစ်ကျပေးချေကြပါတယ်..  လဲစရာအစိတ်အပိုင်းတွေကလဲ များပြားလှပါတယ်.. လူတစ်ကိုယ်လုံးက အစိတ်အပိုင်းတွေအားလုံး လဲလို့ရပါတယ်.. အလှအပအတွက်.. မျက်လုံးတို့ နှာခေါင်းတို့ လဲလှယ် ကြသူတွေရှိသလို  ကျန်းမာရေးအတွက်.. လိုအပ်လို့ လဲလှယ်ကြတဲ့ သူတွေလည်း ရှိပါတယ်...
          Remy (Jude Law)  နဲ့  Jake (Forest Whitaker)  တို့က ငယ်သူငယ်ချင်းတွေဖြစ်ကြသလို  The Union က လုပ်ဖော်ကိုင်ဖက်တွေပါ သူတို့ရဲ့ အလုပ်က ရိုးစင်းပါတယ်.. သူတို့ကုမ္ပဏီက အစိတ်အပိုင်းတွေကို  အကြွေးနဲ့ တပ်ဆင်ထားတဲ့လူတွေက ပိုက်ဆံမပေးနိုင်ခဲ့ရင် သူတို့ သတ်ပြီး လဲလှယ် တပ်ဆင်ထားတာတွေကို  ပြန်သိမ်းယူရပါတယ်..
          ဒီအလုပ်ကိုသိသွားတဲ့ ဇနီး နဲ့လည်း Remy အဆင်မပြေပါဘူး.. ပြီးတော့ အလုပ်တစ်ခုလုပ်ရင်း မတော်တဆ ဖြစ်ပြီး သူ့ရဲ့ နှလုံး ဆုံးရှုံးသွား ပါတယ် အဲ့ဒီတော့ သူ့ကုမ္ပဏီက ပစ္စည်းနဲ့ပဲ နှလုံး အစားထိုးရတော့တာပေါ့ သူလည်း သူများနည်းတူပဲ ပိုက်ဆံမပေးနိုင်တော့ ရှောင်ပြေးရတော့တာပေါ့ သူ့ကိုလိုက်တာက သူ့သူငယ်ချင်း Jake ပါ...
           အဲ့ဒီလိုပဲ ဆွဲဆောင်မှုမရှိတဲ့ ဇတ်ကွက်တွေနဲ့ တောက်လျောက်ဆက်သွားပြီး.. ခပ်ကြောင်ကြောင်နဲ့ပဲ ဇတ်သိမ်း သွားပါတယ်...  :2 :2

နား အသစ်လဲထားတဲ့ ကောင်မလေးက သူ့နားထဲ Heardphone pin ကြီးထိုးထည့်ပြီးတော့ Radio Tune ညှိ သလိုမျိုး ၊ ကိုယ့်ဗိုက်ကိုယ်ကိုယ်ပြန်ခွဲ အထဲက နှလုံးအတုကို scan လုပ်တာမျိုး တို့လို ခပ်ပေါပေါ ဇတ်ကွက်တွေပါ လာပါသေးတယ်... :2 :2

           Jude Law ကားတွေ သိပ်မကြည့်ဖူး ပါဘူး Enemy At The Gates မှာတုန်းက ကြိုက်ခဲ့တာမို့လို့ အသစ်ထွက်တဲ့ဒီကားကို ကြည့်မိလိုက်တဲ့ အချိန်မှာတော့ တောက်ညင်ကို တော်တော်ကတ်သွားပါတယ်...
           ဒါရိုက်တာ ဘယ်သူလဲဆိုပြီး IMDb မှာ ကြည့်လိုက်တော့ Miguel Sapochnik တဲ့.. တစ်ခါမှလဲ မကြားဖူးသလို တစ်ခါမှလဲ မကြည့်ဘူးပါဘူး အဲ့ဒါနဲ့ ပဲ Biography ကိုသွားဖတ်လိုက်တော့ ဒီကားအပါအ၀င်မှ ရိုက်ထားတာ သုံးကားပဲရှိပါတယ်တဲ့...    ကိုယ့်နှဖူးကို ကိုယ် ဖြန်းခနဲပြန်ချလိုက်ပြီး မှတ်ချက်ချလိုက်ပါတယ်... သြော်.. သြော်.. ဒါ့ကြောင့်ကိုးလို့....  :2 :2

           ဒီကားကြည့်မိလိုက်ကတည်းက အိပ်မက်ထဲထိ ကြောင်တိကြောင်တောင် ဖြစ်နေတုန်းပါပဲ.....

11 October, 2011

The Hangover (2009)

 100 min  -  Comedy


Genre ကတော့ ဟာသ ပါပဲ... အခုတလော ကြည့်ဖြစ်တဲ့ ဟာသကားတွေထဲမှာ အကြိုက်ဆုံးလို့ပြောလို့ရပါတယ်..  ;)
အဓိကသရုပ်ဆောင် လေးဦးပါပါတယ်.. အကုန်လုံး ဟသဇတ်ရုပ်ကို ပိုင်နိုင်တဲ့.. နာမည်ရသရုပ်ဆောင်တွေချည်းပါပဲ.... သူတို့ရဲ့ Character တွေကို စပ်စုကြည့်ရရင်ဖြင့်...   ;D ;D

Doug Billings (Justin Bartha )
             Doug ဟာ နောက်နှစ်ရက်အတွင်း မင်္ဂလာဆောင်မယ့် သတို့သားလောင်းပါ.. သူ့ရဲ့ bachelor party အတွက်.. Las Vegas အထိ သွားပြီး ကဲမယ့် သူတစ်ယောက်ပါ.. သူနဲ့အတူ သူ့ယောက်ဖ ၊ သူ့သူငယ်ချင်း နှစ်ယောက်ပါ Las Vegas ကိုခေါ်သွားခဲ့ပါတယ်.. ယောက်က္ခမကတောင် သူတော်တော်တန်ဖိုးထားတဲ့ ရှေးဟောင်း ငွေရောင် Mercedes ကားကြီးကိုပါ စိတ်ချလက်ချ ပေးလိုက်ပါသေးတယ်......

Phil Wenneck (Bradley Cooper)
             သတို့သားလောင်း ရဲ့ သူငယ်ချင်း မိန်းမနဲ့ ကလေးတစ်ယောက်ရှိတဲ့ ကျောင်းဆရာပါ.. Las Vegas ကိုသွားမယ့် ခရီးစဉ် အတွက် တော်တော်အားခဲထားပါတယ်  နောက်ပိုင်း Doug ပျောက်သွားတော့ သူကပဲ ဦးဆောင် ပြီး ရှာဖွေခဲ့ရသူပါ..

Stu Price (Ed Helms)
               သူလဲ သတို့သားရဲ့ သူငယ်ချင်းပါပဲ သွားဆရာဝန်တစ်ယောက်ပေါ့ ... အဲ.. သူက မယက (မယားကြောက်) မယူရသေးတဲ့ မိန်မကို ကြောက်နေသူပေါ့.. bachelor party ကို Vegas ကိုသွားမယ်လို့တောင် မပြောရဲဘဲ အခြားတစ်နေရာကိုသွားမယ်လို့ရွှေ့ပြော ရသူပါ...

Alan Garner (Zach Galifianakis)
               သတို့သမီးရဲ့ မောင် Doug ရဲ့ ယောက်ဖ ပေါ့.. သူက ခပ်ပေါပေါ ခပ်ကြောင်ကြောင် လူတစ်ယောက်ပါ... သူ့နဲ့အတူ ပါလာတဲ့ လူတွေကို ပျော်စေချင်လွန်းလို့.... အရက်ထဲ စိတ်ကြွဆေးတွေ ထည့်တိုက်ရင်း လက်ဆလွန်သွားလို့.. တလွဲတွေချည်းပဲ ဖြစ်ရပါတယ်... တစ်ကားလုံးမှာ သူကအခံရဆုံးပါ...

              ဇတ်လမ်းကတော့.... နောက်နှစ်ရက်မှာ မင်္ဂလာဆောင်မယ့် Dogu နဲ့ အတူ ယောက်ဖ Alan သူငယ်ချင်းတွေဖြစ်တဲ့ Phil နဲ့ Stu အားလုံးပေါင်း လေးယောက်တို့ဟာ... bachelor party အတွက် Vegas ကို ထွက်လာခဲ့ကြပါတယ်..  Doug ရဲ့ ယောက်ဖ Alan က အားလုံးကို ပျော်စေချင်လို့... အရက်တိုက်လိုက်ပါတယ်... Alan တိုက်တာတွေကို အားလုံးက တစ်ခွက်ပြီး တစ်ခွက်သောက်ကြပါတယ်....

              မနက် မိုးလည်းလင်းရော.. သူတို့တည်းတဲ့ Hotel အခန်းထဲ မှာ ပစ္စည်းတွေ လူတွေ အားလုံးဖယိုဖယဲ ဖြစ်နေပါတယ်.. တစ်ခန်းလုံးရှုပ်ပွပြီး ဘယ်ကမှန်းမသိ ရောက်လာတဲ့ ကြက်တွေ... ရေချိုးခန်းထဲမှာလဲ ကျားတစ်ကောင် ဘီဒိုထဲမှာလည်း တစ်နှစ်အရွယ် ကလေးတစ်ယောက် Phil ရဲ့ လက်မှာလည်း ဆေးရုံက ပတ်ပေးလိုက်တဲ့ လတ်ပတ်နဲ့  သွားဆရာဝန် Stu ကတော့ သွားတစ်ချောင်းမရှိတော့ပါဘူး... သူတို့ရဲ့ကားက အလာတုန်းက Mercedes အခုတော့ ရဲကား ဖြစ်နေပါပြီ... အဲ့ဒါတွေထက် ခေါင်းပူစရာတစ်ခုက နောက်နှစ်ရက်မှာ မင်္ဂလာဆောင့်မယ့် သတို့သားလောင်း Doug ပျောက်ခြင်းမလှ ပျောက်သွားခြင်းပါပဲ
              ဘယ်သူမှ ဘာမှမမှတ်မိတော့ပါဘူး .. အားလုံးနောက်ဆုံး မှတ်မိတာကတော့ လေးယောက်လုံး အရက်တူတူ သောက်ခဲ့တာကိုပဲ မှတ်မိပါတော့တယ်...  သူတို့ ညကဖြစ်ပျက်ခဲ့တာကို လိုက်ဖော်ရင်း အရေးကြီးဆုံးဖြစ်တဲ့ သတို့သားလောင်း ကိုပြန်တွေအောင် လိုက်ရှာကြပုံကို..  ကောင်းမွန်တဲ့ ဟာသခန်းတွေချည်းနဲ့ပဲ သရုပ်ဖော် ထားတဲ့ ဟာသကားလေးပါ..

                ထူးထူးခြားခြား အမေရိကန် လက်ဝှေ့အကျော်အမော်.. မိုက်တိုင်ဆန် ကလည်း ဒီကားလေးထဲ မှာပါဝင်ခဲ့ပါတယ်...
               ဟာသကားကောင်းကောင်းကြည့်ချင်ရင် ဒီကားကိုကြည့်ပါလို့ ကျွန်တော်က ညွှန်းပါတယ်... IMDB မှာတောင် 7.9/10 အထိ rating မြင့်နေတဲ့ ကားလေးပါ..
 

The Fighter (2010)

116 min  -  Biography | Drama | Sport 

ဒီကားကြည့်ပြီး ရင်ထဲကျေနပ်မှုအပြည့်အ၀ ရခဲ့တယ် ဆိုရင်လဲ မမှားပါဘူး.. ဒီကားမှာ ၀ါရင့်သရုပ်ဆောင် နှစ်ယောက်ဖြစ်တဲ့ Mark Wahlberg နဲ့ Christian Bale တို့နဲ့ ပွဲထွက်စေခဲ့ပါတယ်..  ဘေးနားကနေ Amy Adams , Melissa Leo , Jack McGee စတဲ့ ၀ါရင့် သရုပ်ဆောင်တွေ နဲ့လည်း ခြံရံထားပါသေးတယ်...

           ငါးဆယ့်သုံးကြိမ်မြောက် အော်စကာ ဆုပေးပွဲမှာ အမျိုးသား နှင့် အမျိုးသမီး ဇတ်ပို့ဆု နှစ်ခုလုံးကို ဒီကားနဲ့ပဲ Christian Bale နဲ့ Melissa Leo တို့ရ ရရှိသွားခဲ့ပါတယ်..

            လက်ဝှေ့သမား Micky Ward ရဲ့အကြောင်း  ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ ဇတ်ကားလဲဖြစ်ပါတယ်..  ဇတ်ကား အမျိုးအစားကတော့ Biography / Drama / Sport လို့ ခေါင်းစဉ် တပ်ထားပါတယ်.. အားကစားအခြေခံဆိုတော့ လဲကျရာကနေ ပြန်ထ တဲ့ ဇတ်လမ်းမျိုးပါပဲ.. ဒါပေမယ့် လက်ဝှေ့ သမားတစ်ယောက်ရဲ့ ပတ်ဝန်းကျင်က စိတ်ဝင်စားစရာ အကြောင်းအရာလေးတွေကို ကြားညှပ်ထည့်ထားတော့ ဘာလှည့်ကွက်မှမပါ... ဘာ special effect မှ မပါပဲ နဲ့ ရိုးရိုးရှင်းရှင်း လေးနဲ့ ရင်ထဲကို အစွန်းဆုံးအထိ ရောက်အောင် ဖမ်းစားသွားနိုင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ခုပါ.

  ဇတ်လမ်း အကျဉ်းလေးက ...  Micky Ward (Wahlberg) က တက်သစ်စ နာမည်ရလာတဲ့ လက်ဝှေ့ကျော်တစ်ယောက်ပါ... သူ့ကို အမေဖြစ်သူ Alice Ward (Melissa Leo) က မန်နေဂျာ လုပ်ပေးပြီးတော့ ၊ အမေတူ အဖေကွဲ အစ်ကို Dicky (Bale) က နည်းပြပေးထားပါတယ်။

Dicky ဟာ အတိတ်က လက်ဝှေ့ကျော်တစ်ယောက်ပါ.. Sugar Ray လို အကျော်အမော် တစ်ယောက်ကို အလဲထိုးနိုင်ခဲ့တဲ့ စံချိန်တစ်ခုကလဲ ရှိနေပါသေးတယ်.. လက်ဝှေ့ လောက က အနားယူပြီးတော့ ညီဖြစ်သူ Micky ရဲ့ နည်းပြ အဖြစ်လုပ်ကိုင်ပေးနေပါတယ်.. ဆိုးတာတစ်ခုက ဆေးစွဲနေခြင်းပါ... အမေဖြစ်သူ Alice ကလွဲလို့ ဘယ်သူမှ မသိဘူးပေါ့.. ဒါပေမယ့် အမေတူ အဖေကွဲ ဖြစ်ပေမယ့်လည်း ညီကို အရမ်းချစ်ရှာတဲ့ အစ်ကို တစ်ယောက်ပါ......

            တစ်နေ့မှာတော့ Micky နဲ့ ထိုးဖို့ စီစဉ်ထားတဲ့ လက်ဝှေ့သမားတစ်ယောက်က ဖျားနေလို့ ... လူစားဝင်တဲ့ လူတစ်ယောက်နဲ့ ထိုးဖို့ ဖြစ်လာပါတယ်.. အမေ နဲ့ အစ်ကိုဖြစ်သူတို့က ထိုးဖို့ တိုက်တွန်းကြပေမယ့် ... လူစားဝင်တဲ့တစ်ယောက်က middleweight ဖြစ်နေတော့ welterweight တန်းမှာပဲ ရှိသေးတဲ့ Micky က ထိုးသတ်ဖို့ ရှောင်ချင်နေပါတယ်..  အမေ နဲ့ အစ်ကို ကလည်း တိုက်တွန်းနေ ၊ မိသားစုမှာလည်း ငွေကြေး အကြပ်အတည်းက ရှိတော့ ဖိအားတွေကြားထဲက ထိုးသတ်ဖို့ ရင်ဆိုင်လိုက်ပါတော့တယ်... .... ...  သူထင်တဲ့အတိုင်းပဲ အထိနာစွာနဲ့ပဲ ရှုံးခဲ့ရပါတော့တယ်...

             အရုံးနဲ့ အတူ Micky ရဲ့ စိတ်တွေပါ ယိုင်နဲ့ နေခဲ့ပါတယ်....  တဇွတ်ထိုး ကိုယ့်သဘောအတိုင်းပဲလုပ်တက်တဲ့ မန်နေဂျာ အမေ နဲ့ အချိန်မတိကျ အလေလိုက် အရာရာကို ပေါ့ပေါ့လေးပဲ ထာားတက်တဲ့ နည်းပြ အစ်ကိုတို့ရဲ့ အောက်က ကိုယ်တိုင်ဆုံးဖြတ်ချက် မရှိတဲ့ ကိုယ့်ဘ၀ကိုယ်လဲ စိတ်ပျက်စွာနဲ့ပေါ့ ... ဒါပေမယ့် အားပေးဖော် Charlene Fleming (Amy Adams) ဆိုတဲ့ ချစ်သူတစ်ယောက်တော့ ရခဲ့ပါတယ်..

            လေ့ကျင့်ဖို့ ငွေလိုနေတဲ့  Micky   အတွက်  အစ်ကို ဖြစ်သူ Dicky က ဥပဒေအပြင်က နည်းလမ်းတွေနဲ့ ငွေမရရအောင် ရှာခဲ့သော်လည်း ကံမကောင်းစွာနဲ့ပဲ Dicky ထောင်ကျခဲ့ပါတယ်.. ထို့အတူ Micky ကလည်း ရဲတွေလက်ချက်ကြောင့် လက်ကျိုးပြီး လက်ဝှေ့လောကကို စွန်ခွာလုနီးအထိ ဖြစ်ခဲ့ပါတယ်..

            HBO Channel ကလည်း အထ္ထုပတ္တိ ဇတ်လမ်းမျိုးထက် ဆေးစွဲပြီး ထောင်ကျနေတဲ့ Dicky အကြောင်းကို ပညာပေးအနေနဲ့ ထုတ်လွင့်လာတာ မြင်တော့ Dicky အမြင်မှန်တွေရသွားခဲ့ပါတယ်... အပြင်ဘက်မှာလဲ ထောက်ပံပေးမယ့်သူ အသစ်ရသွားတဲ့ Micky ကလည်း  ချစ်သူဖြစ်သူက မန်နေဂျာ ၊ Boxing Club ကအဖွဲ့ဝင် ရဲတစ်ယောက်ဖြစ်တဲ့ O'Keefe က နည်းပြ အဖြစ်တာဝန်ယူပြီး လက်ဝှေ့လောက ထဲပြန်ဝင်ပြီး အောင်မြင်မှုတွေ ပြန်ရနေပါတယ်....  ဒီလိုနဲ့ Dicky ပြန်လွတ်လာပါတယ်....

ထောက်ပံပေးသူရဲ့ စည်းကမ်းချက်အရ... အမေနဲ့ အစ်ကို ကို Micky ရဲ့ လုပ်ငန်းဆောင်တာတွေမှာ ပါဝင်ခွင့်မပေးထားပါဘူး...
 
  •  ထောင်က ပြန်လွတ်လာပြီး လူကောင်းဖြစ်နေပေမယ့် ညီ ကို နည်းပြခွင့်မရတဲ့ Dicky
  • စည်းကမ်းအရ ပါဝင်ခွင့် မပြုထားပေမယ့်လည်း လက်ဝှေ့အကြောင်း နောကြေသူ Dicky             ရှိမှ ဖြစ်မယ် လို့ပြောလာတဲ့ Micky
  •  Dicky ပါရင် ထွက်မယ်လို့ပြောတဲ့ လက်ရှိ မန်နေဂျာ ချစ်သူ Charlene
  • ထိုးရမယ့် နောက်တစ်ပွဲကလည်း Local မဟုတ်ပဲနဲ့ ပြိုင်ဘက် က England ကလက်ဝှေ့ သန်မာ ဖျတ်လတ်တဲ့ အကျော်အမော် တစ်ဦး
  •   ဂုဏ်သိက္ခာပြန်ဆယ်ရမယ့် Massachusetts ပြည်နယ်က Lowell မြို့လေးနဲ့ အတူ Ward မိသားစု
 
  စတဲ့ စတဲ့ အကြောင်း အရာတွေကြားထဲက အဆုံးသတ်ကိုတော့... ကိုယ်တိုင် ကြည့်လိုက်ကြပါစို့ဗျာ..

 

Buried (2010)

95 min  -  Drama | Mystery | Thriller

 ကြည့်ရတာ ထူးထူးခြားခြား လေးပါ အရင်ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်တွေနဲ့ တော်တော်ကိုကွာလွန်းပါတယ်.. ကျွန်တော့်တစ်သက်မှာ ဒီလိုတင်ပြပုံမျိုးကြည့်ဖူးတာ ဒါပထမဦးဆုံးပါ..  တစ်ကားလုံး မင်းသားတစ်ယောက်တည်း Location တစ်နေရာတည်းမှာ Angle အမျိုးမျိုး လှည့်ချိန်းသွားတာပါ.. 

                    စစချင်း ဘာမှ မမြင်ရပဲ မှောင်မဲနေပါတယ်.. ပြီးတော့ အသက်ရှူသံတိုးတိုးလေး ကြားရတယ်... နောက်တော့ တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ တစ်ခုခုကို ထုရိုက်တဲ့ အသံမျိုးကြားရတယ်..  နည်းနည်းကြာတော့ ဇစ်ပိုမီးခြစ်ခြစ်သံကြားရပြီး မီးတောက်အလင်းနဲ့ အတူ Ryan Reynolds ရဲ့မျက်နှာ စမြင်ရပါတယ်.. လက်နဲ့ ပါးစပ်ကိုကြိုးချည်ထားခံရတယ်.. နောက်တော့  သစ်သားအခေါင်းထဲရောက်နေပြီး သူမြေအမြှုပ်ခံထားရတာကို သူသိလိုက်ပါတယ်..

                    ပေါလ်ကွန်ရွိုင်း ဆိုတဲ့သူက အီရတ်မှာ Truck ကားမောင်းတဲ့ ဒရိုက်ဘာတစ်ယောက်ပါ.. သူတို့ မောင်းနှင်လာတဲ့ ယဉ်တန်း အတိုက်အခိုက်ခံရပြီး သူဒီမြေမြှုပ်ပြီးသား အခေါင်းထဲကို ဘယ်လိုရောက်လာမှန်းမသိရောက်လာပါတယ်... သူ့လက်ထဲမှာတော့ Zippo မီးခြစ်လေးနဲ့ အတူ Black Berry ဖုန်းတစ်လုံးပဲ ရှိတော့ပါတယ်... US မှာရှိတဲ့ မိန်းမဆီကို ဆက်သွယ်လို့လဲမရ... ရုံးကပေးထားတဲ့ အရေးပေါ်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကလည်း ပျောက်သွား.. ရုံးကိုဆက်တော့လည်း အဆင်မပြေ.. ဒီလိုနဲ့ နိုင်ငံခြားရေးရုံးကနေတစ်ဆင့်... FBI ကလူတစ်ယောက်နဲ့ အဆက်အသွယ် ရပြီး အကူ အညီတောင်းခဲ့ပါတယ်.. သူ့ကိုမြေမြှုပ်ခဲ့တဲ့ အီရတ်ကောင်ကလည်း ဖုန်းကနေတစ်ဆင့် ဒေါ်လာငါးသန်းနဲ့ ငွေညှစ်ပါတယ်..

                     မှောင်မဲနေတဲ့ အခေါင်းထဲမှာ ပေါလ်တစ်ယောက် အခက်အခဲတွေကို ကျော်ဖြတ်ရင်း လွတ်မြောက်ဖို့ကြိုးစားမှုကို စက္ကန့်နဲ့ အမျှတင်ပြ ထားတဲ့ ရုပ်ရှင်ကားလေးပါ...

                    ၉၄ မိနစ် ပဲကြာတဲ့ ဒီကားလေးမှာ ဒါရိုက်တာ Rodrigo Cortés ရဲ့ ထူးခြားတဲ့ Idea တွေကို တွေ့မြင်နိုင်ပါတယ်... တစ်ကားလုံး Ryan Reynolds တစ်ယောက်ကိုပဲသုံးသွားတယ်.. (အသံသရုပ်ဆောင်တွေကလွဲရင်ပေါ့) မြေမြှုပ်ထားတဲ့အခေါင်းထဲမှာ ပိတ်မိနေတဲ့ လူတစ်ယောက် ရဲ့ ရှုတောင့် တစ်ခုတည်းကိုပဲ မြင်သာအောင်ရိုက်ပြသွားတာပါ.. Camera Angel တွေမှာလည်း အခြားအရာတွေလျောက်မပြပဲ မှောင်မှောင်မဲမဲ အခေါင်းထဲက Ryan Reynolds ကိုပဲ Close up ရိုက်သွားပါတယ်..

                    စပိန်နိုင်ငံသား ဒီဒါရိုက်တာက ဒီကားကို ရိုက်ကူးခဲ့တာကတော့ ဇတ်လမ်းထဲမှာပါတဲ့ US တို့ Iraq တို့မှာမဟုတ်ပဲ Spain နိုင်ငံ Barcelona မြို့မှာ ရိုက်ကူးခဲ့ပါတယ်.. ကုန်ကျစရိတ်အားဖြင့် ခန့်မှန်းခြေ ဒေါ်လာသုံးသန်းလောက်ပဲ သုံးခဲ့ပေမယ့်.. ၀င်ငွေကတော့ ဒီထက်မက အဆပေါင်းများစွာ မြိုးမြိုးမြတ်မြတ် ရရှိခဲ့ပါတယ်.. ဒါပေမယ့် ဇတ်ကားအောင်မြင်မှုကတော့ သိပ်မရှိပါဘူး.. ဒါပေမယ့် IMDb ရဲ့ rating မှာ 7.3/10 ထိတော့ရှိနေပါတယ်...

                       ထူးထူးဆန်းဆန်း တင်ပြပုံကောင်းတဲ့ ဇတ်ကားလေးတွေထဲမှာ 2008 ခုနှစ်တုန်းက ကြည့်ခဲ့ဖူးတဲ့ Vantage Point (2008) ကိုလည်းကြိုက်မိပါတယ်.. အဲ့ဒီကားထဲမှာတော့ သမ္မတ ကိုလုပ်ကြံတဲ့ 15 မိနစ်စာ အဖြစ်အပျက်လေးတစ်ခုမှာ ပါဝင်ကြသူ အဓိကသရုပ်ဆောင်တွေရဲ့ ရှုထောင့်တစ်မျိုးစီကို ရိုက်ကူးတင်ပြထားတာပါ.. ဒီကားနဲ့အတူ Buried (2010) ကိုလည်း အလားတူကြိုက်မိပါတယ်ဗျာ...


10 October, 2011

The Insidious (2010)

The Insidious (2010) 
103 min  -  Horror | Thriller      (IMDB rating -  6.9)


ဒီကားကတော့... 2010 မှာရုံတင်ခဲ့တဲ့.. Thriller ကား လေးတစ်ကားပဲဖြစ်ပါတယ်... ဒီကားကိုတော့ Saw ကားတွေနဲ့ အတူ နာမည်ကြီးခဲ့တဲ့ မလေးရှားလူမျိုး James Wan က ရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်.. ဒီကားမှာ အဓိကသရုပ်ဆောင်တွေ အနေနဲ့ကတော့ (Little Children (2006) , Passengers (2008) ) တို့မှာ နာမည်ကြီးခဲ့တဲ့.. Patrick Wilson နဲ့တူ..Rose Byrne ၊ ကလေးသရုပ်ဆောင် Ty Simpkins တို့က အဓိကပါဝင်ထားပါတယ်... 

           ဒီကားက မြန်မာ အယူအဆတွေနဲ့ တော်တော်ဆင်တူပါတယ်.. ဖုတ်ဝင်တယ်ဆိုတာမျိုးပေါ့..  Dalton ဆိုတဲ့  ကလေးလေးက အိပ်နေရင်း ၀ိဥာဉ်က လျောက်သွားနေပြီး နိုးလာတဲ့ အခါမှ သူ့ ၀ိဥာဉ် လျောက်သွားခဲ့သမျှကို အိပ်မက်မက်တယ် လို့ပဲ ယူဆတဲ့ ကောင်လေးတစ်ယောက်ပါ..  တစ်နေ့မှာ သူ့ဝိဥာဉ်က အလည်လွန်ပြီး သေပြီးသားလူတွေရှိတဲ့နေရာ ရောက်သွားပြီး ခန္တာကိုယ် ရှိတဲ့ နေရာကို ပြန်မလာတက်တော့ပဲ လမ်းပျောက်သွားတာပါ.. အပြင်မှာတော့ မိဘတွေက သူ့ကို Coma ဖြစ်တယ်လို့ပဲ ယူဆ လိုက်ပါတယ်.. နောက်တော့.. ပယောဂဆရာမ နဲ့ ပြကြည့်လိုက်တော့မှ အဖြစ်မှန်ကိုသိသွားပြီး အဖေဖြစ်သူက သူ့သားရဲ့ ၀ိဥာဉ်ကို လိုက်ရှာ တဲ့ဇတ်လမ်းလေးပါ..

            ဒီကားထဲမှာ စိတ်ခြောက်ခြားစရာ ဇတ်ကွက်တွေပါဝင်သလို လုံးဝကို မပျင်းသွားရအောင် ဇတ်ကွက်တွေကို အချိတ်ဆက် မိမိနဲ့ တင်ဆက်သွားနိုင်တာကလည်း.. ဒီကားလေးရဲ့ ထူးခြားချက်ပါ.. 2010 မှာ ကြည့်ဖူးခဲ့တဲ့.. Thriller ကားတွေထဲမှာ လုံးဝအညံဘက်ကို မရောက်ဘူးလို့ ပြောနိုင်တဲ့ကားလေးပါ..